Wednesday, September 25, 2013

အများသိလိုလှသည့် မြင်းမိုရ်တောင် ဘယ်မှာလဲ


အများသိလိုလှသည့် မြင်းမိုရ်တောင် ဘယ်မှာလဲ
  ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အနေဖြင့် မြင်းမိုရ်တောင်ကို မမြင်ဘူးကြသော်လည်း
မြင်းမိုရ်တောင်နှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးရှိကြ၏။“စကြာဝဠာတစ်ခု၌ လေးကျွန်းတစ်မြင်းမိုရ်”၊
ကျေးဇူးကြီးလှ မိနှင့်ဘ မေတ္တာကို ခိုင်းနှိုင်းရာတွင်လည်း “မြင်းမိုရ်တောင်ဦးမကကျူးသည့် မိဘ
မေတ္တာ”၊မယ်ဘွဲ့နောင်ဘွဲ့ချစ်ခြင်းမောတ္တာဖွဲ့ရာတွင်လည်း “ရွှေမြင်းမိုရ်တောင်လုံးအမျှနှယ်၊
ချစ်ပါတဲ့မောင် အဆုံးမသတ်တယ်” “အာကာကိုလွှာပုံပြု၊မေယူကိုစုတ်တံချည်” စသည်ဖြင့် တင်
စားရေးဖွဲ့ကြသော်လည်း မြင်းမိုရ်တောင်မကြီးကို ကမ္ဘာ့ဘယ်နေရာ၌ရှိနေသည်ကို မသိရှိကြ
သည်မှာကား အမှန်သာလျှင်ဖြစ်ချေ၏။သို့ပါ၍ မြင်းမိုရ်တောင် ရှာပုံတော်အဖြစ် ဤစာစုကို ရေးချ
မိပါချေတော့၏။
       မြတ်ဗုဒ္ဓက “မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်”ဟု
ဟောကြားထားခဲ့သော်လည်း ကျွန်ုပ်အပါအဝင် ယနေ့ခေတ်လူတို့သည် ဤကမ္ဘာမြေအပြင်တွင် မြင်းမိုရ်
တောင် ဘယ်မှာတည်ရှိနေသည်ကို သိလိုကြသည်မှာ အမှန်ပင်ဖြစ်လေ၏။
ဖော်ပြပါကောင်းကင်မြေပုံအရ မြင်းမိုရ်တောင်သည် မြောက်လတ္တီကျု ၃၁ ဒီဂရီဝန်းကျင်နှင့်အရှေ့
လောင်ဂျီကျု ၈၁ ဒီဂရီဝန်းကျင်ဟုဆိုရာ ပါကစ္စတန်နှင့်တိဗက်အကြားဟုယူဆစရာရှိ၏။တည်ရာ
သည် အိန္ဒိယနိုင်ငံမြောက်ဘက်ပိုင်းဖြစ်ပြီး အနောက်ဘက်တွင် ပါကစ္စတန်၊အရှေ့ဘက်တွင် နီပေါ၊
မြောက်ဘက်တွင် တိဗက်ကုန်းပြင်မြင့်တို့အကြားဖြစ်သည်။
ဖော်ပြပါပုံအရ မြင်းမိုရ်တောင်၏အရှေ့ဘက်ကို အရှေ့ကျွန်းဟုသတ်မှတ်လျှင် အရှေ့ဘက်အရပ်တွင်
တရုတ်၊မွန်ဂိုလီးယား၊တောင်/မြောက် ကိုရီးယား၊ဂျပန် စသည့်နိုင်ငံတို့ကျရောက်နေ၏။(အရှေ့ကျွန်း)
       ဤအတူ မြင်းမိုရ်တောင်၏တောင်ဘက်အရပ်တွင် အိန္ဒိယ၊သီရိလင်္ကာ၊မြန်မာ စသည့်နိုင်ငံတို့နှင့်
အာဖရိကတိုက်နိုင်ငံအများစု၊အရှေ့တောင်အာရှနှင့်ဩစတေးလျတို့ကျရောက်နေ၏။(တောင်ကျွန်း)
     တစ်ဖန် မြင်းမိုရ်တောင်၏မြောက်ဘက်အရပ်သည် ရုရှနှင့်ဥရောပတိုက်၏မြောက်ဖျားပိုင်းနိုင်ငံများ
ဖြစ်နေ၏။(မြောက်ကျွန်း)
     ယင်းကဲ့သို့ပင် မြင်းမိုရ်တောင်၏အနောက်ဘက်အရပ်သည် ဥရောပတိုက်နိုင်ငံများ၊ အာဖရိက
 အနောက်မြောက်ပိုင်းနိုင်ငံများဖြစ်နေ၏။(အနောက်ကျွန်း)
         ထို့အတူတောင်/မြောက်အမေရိကတိုက်နိုင်ငံများအား အနောက်ကျွန်းတွင်ထည့်သွင်း
ရပေလိမ့်မည်။
ကျမ်းဂန်အဆိုအရ စကြာဝဠာတစ်ခုတွင် လေးကျွန်းတစ်မြင်းမိုရ်ဟုဆိုထားသကဲ့သို့ “ရှေ့မှာ ခုနှစ်ရာ
(၇၀၀)၊နောက်ငါးရာ(၅၀၀)၊မြောက်မှာတစ်ထောင်မြဲ(၁၀၀၀)”ဆိုပြီး လူတို့၏အသက်တမ်းကို ပြဆို
ထားရာ မြင်းမိုရ်တောင်၏အရှေ့ဘက်အရပ်သည် တရုတ်၊မွန်ဂိုလီးယား၊တောင်/မြောက်ကိုရီးယား၊
ကိုရီးယား၊ဂျပန် စသည့်နိုင်ငံသားတို့သည် အရှေ့ကျွန်းသားများဟုယူဆလျှင် အသက်တမ်း(၇၀၀)
မြဲရာ၏။သို့သော်လည်းလက်တွေ့ကမ္ဘာတွင်သူတို့သည်လည်းကျွန်ုပ်တို့ကဲ့သို့အသက်တမ်းမမြဲသလို
အသက်(၇၀၀)အထိလည်းမရှည်ကြပေ။
           မြင်းမိုရ်တောင်၏မြောက်ဘက်အရပ်သည် ရုရှနိုင်ငံသားတို့အား မြောက်ကျွန်းသားများဟု
ယူဆလျှင် အသက်တမ်း(၁၀၀၀)မြဲရာ၏။မြောက်ကျွန်းသားတို့သည် အသက်၁၆-နှစ်အရွယ်တွင်
ဘာသဘာဝအလျှောက်မြူးတူးပျော်ပါးကြကာ ကလေးမွေးပြီးကျန်အသက်ပိုင်းတစ်လျှောက်လုံး
၁၆-နှစ်အရွယ်သာလျှင်ဖြစ်၏ဟုဆိုထား၏။မွေးလာသောကလေးငယ်အား ကျောက်ဖျာထက်တွင်
သိပ်ပစ်ထားခဲ့ရာ လမ်းသွားလမ်းလာလူအများကတွေ့ရှိ၍ ကလေးငယ်၏်ပါးစပ်၌ လက်ညှိုးထည့်
လိုက်သည့်ခဏ နို့ရည်များထွက်ကျလာကာယင်းနို့ရည်အားကလေးငယ်သောက်စို့ကာ အဖေ,
အမေမရှိ တစ်ကောင်ကြွက်ပမာကြီးပြင်းလာရသည်ဟုဆိုထား၏။ယင်းသို့အစဉ်သဖြင့်ကြီးပြင်းလာ
ရာ အသက်တစ်ထောင်(၁၀၀၀)ပြည့်သည့်နေ့သို့ရောက်လျှင်ကွယ်လွန်အနိစ္စရောက်ပြီး မြောက်
ကျွန်းမြေအပြင်မညစ်ပတ်စေရန်အလို့ငှာ ကြွင်းကျန်ရစ်သည့် ဥတုစရုပ်ကလပ်အပုတ်ကောင်အား
အလွန်ကြီးမားသည့်သိန်းငှက်သတ္တဝါက ကိုက်ချီသွားပြီး ပင်လယ်သမုဒ္ဒရာသို့စွန့်သည်ဆို၏။
         တစ်ဖန်မြောက်ကျွန်း၌ ပဒေသာပင်ပေါက်သဖြင့် လူတို့သည်ပစ္စည်းဥစ္စာ၊နေစရာ၊စားစရာ
မပူမပင်ရရှိ၏ဟုဆိုထားသဖြင့် ရုရှနိုင်ငံသားတို့သည် ထိုသို့ဖြစ်ဖွယ်ရာသာရှိချေရာ လက်တွေ့တွင်
သူတို့သည်လည်းသက်တမ်းမမြဲသကဲ့သို့ အသက်တမ်း(၁၀၀၀)အထိလည်းမရှည်ကြပေ။မြတ်စွာ
ဘုရားရှင်လက်ထက်က ဇောတိကသူဌေး၏မယားသည် မြောက်ကျွန်းမှ နတ်တို့ယူဆောင်လာ၍
ပေးလာသော မြောက်ကျွန်းသူဖြစ်၏ဟုဆိုထားသကဲ့သို့ ယင်းမြောက်ကျွန်းသူသည် နေရောင်ထိ
တွေ့ခံ၍မရသဖြင့် အိမ်၏အတွင်း၌သာလျှင်မြကျောက်၏အလင်းရောင်ဖြင့်သာနေရသည်ဟု ဆို
ထားပြန်ရာ ယနေ့ကမ္ဘာ ရုရှသူများမှာ ကျန်ကမ္ဘာသူများကဲ့သို့သာဖြစ်နေပေ၏။
     မြင်းမိုရ်တောင်၏အနောက်ဘက်အရပ်ရှိ ဥရောပတိုက်နိုင်ငံများ၊အာဖရိကအနောက်မြောက်ပိုင်း
နိုင်ငံများနှင့်တောင်/မြောက်အမေရိကတိုက်နိုင်ငံများမှ လူများသည်လည်း ကျွန်ုပ်တို့ကဲ့သို့ပင် သက်
တမ်းမြဲသလို အသက်(၅၀၀)အထိလည်းမရှည်ကြပေ။
ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိသည်။ အထက်တစ်ဝက် ယူဇနာ ၁၂၀၀၀၀မှာမြေသားဖြစ်ပြီး အောက်တစ်ဝက်ယူဇနာ၁၂၀၀၀၀မှာ ကျောက်သားဖြစ်၏။မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိ၏။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်၏။ တစ်ဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေ၏။ ယင်းလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိပါ၏။  ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေ၏။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါ၏။ယင်းသို့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံကို ကျမ်းဂန်၌ဆိုထား၏။
     ဩကာသလောကဖြစ်သည့် ဤကမ္ဘာမြေအပြင်ကိုအမှီပြု၍ သတ္တလောကဖြစ်သည့် သတ္တဝါတို့မိမိတို့၏
ကံအားလျော်စွာဖြစ်ကြရသည့် ၃၁-ဘုံတည်ဟန်ကား လူ့ဘုံ၊တိရစ္ဆာန်ဘုံ၊ပြိတ္တာဘုံနှင့်အသူရကာယ်ဘုံတို့သည်
ကမ္ဘာမြေပြင်ပေါ်၌တည်ရှိကြ၏။ငရဲဘုံသည် သီးခြားတည်ရှိပြီး လူ့ပြည်မှ အဝီစိငရဲ သို့ ယူဇနာ ၁၂၀၀၀၀
ဝေးကွာ၏။စတုမဟာရာဇ်နတ်ဘုံသည် ယူဇနာ၄၂၀၀၀ယုဂန္ဓိုရ်တောင်ထိပ်မှစ၍မြေပြင်အထိ ပျံ့နှံ့၍
တည်၏။တာဝတိံသာသည်ယူဇနာ ၈၄၀၀၀ မြင့်သောမြင်းမိုရ်တောင်ထိပ်မှ စကြာဝဠာတ့တိုင်းအထိ
ကောင်းကင်၌ပျံ့နှံ့၍တည်၏။ကျန်နတ်ပြည် ၄ထပ်တို့သည်လည်း ယူဇနာ၄၂၀၀၀ စီအဆင့်ဆင့်
မြင့်တက်သွားကြ၏။ရူပဗြဟ္မာ၁၆-ဘုံနှင့် အရူပဗြဟ္မာ၎-ဘုံတို့သည်၁-ဆင့်လျှင် ယူဇနာ၅၅၀၈၀၀၀
စီမြင့်တက်သွားရာ လူ့ပြည်မှ အမြင့်ဆုံးဘဝဂ်(နေဝသညာနာသညာယတနဘုံ)သို့ ယူဇနာပေါင်း
၇၁၈၅၆၀၀၀ ဝေးကွာ၏ဟုဆိုထား၏။
   ထို့အပြင်ဇဗ္ဗူဒိတ်ကျွန်းဦးသပြေပင်သည် လုံးပတ်ယူဇနာ(၅၀) ၊တစ်ယူဇနာ ၁၂-မိုင်ဖြင့်တွက်လျှင်
လုံးပတ်မိုင်အားဖြင့် (၆၀၀မိုင်ခန့်)။အမြင့်ယူဇနာ(၁၅၀)၊မိုင်အားဖြင့်(၁၈၀၀မိုင်)။အဝန်းယူဇနာ(၁၅၀)
၊မိုင်အားဖြင့်(၁၈၀၀မိုင်)ရှိ၏ဟုဆိုထားရာ လူသာမန်တို့ မြင်တွေ့ရမည်ဆိုပါက ယနေ့ကမ္ဘာသိပ္ပံညာ
ရှင်များ တွေ့ရှိကောင်းရာ၏။ပင်စည်လုံးပတ် စတုရန်းမိုင်အားဖြင့်ခန့်မှန်းချေ နှစ်သောင်းကျော်ရှိရာ
ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး နှစ်ခုပေါင်း အကျယ်အဝန်းစတုရန်းမိုင်(၁၉၂၂၁)ထက်
ကျော်လွန်ကျယ်ပြန့်စွာရှိနေခြင်း၊ခက်မငါးဖြာ ဇဗ္ဗူ့သပြေပင်၏အကျယ်အဝန်း စတုရန်းမိုင်အားဖြင့်
ခန့်မှန်းချေ(၂၀၀,၀၀၀)ကျော်ရှိရာ မြန်မာနိုင်ငံ၏ဧရိယာအကျယ်အဝန်းစတုရန်းမိုင်စုစုပေါင်းမှာ
(၂၆၁၂၂၈စတုရန်းမိုင်)ရှိသဖြင့် ဇဗ္ဗူ့သပြေပင်၏အရိပ်ကျရာ အကျယ်အဝန်းသည် ကျွန်ုပ်တို့မြန်မာ
နိုင်ငံနီးပါးလောက်ရှိနေ၏။သို့သော်လည်း ဤကမ္ဘာ၌ကား ကျမ်းဂန်အဆိုကို သိပ္ပံပညာနှင့် တိုင်းဆ
မရနိုင်သေးပါတကား။ခေတ်သစ်သိပ္ပံတွေ့ရှိချက်အဆိုအရ ကမ္ဘာမြေကြီးသည် သစ်တော်သီးပုံသဏ္ဍန်
လုံးနေပြီး အချင်းပမာဏမိုင်မှာမိုင်(၈၀၀၀)မျှသာရှိသည်။ထို့အပြင် ကမ္ဘာမြေကြီးကို ရေထုနှင့်လေထု
က ပင့်မထားသည်လည်းမဟုတ်ပဲ နေကိုလှည့်ပတ်နေသည့်အာကာသ၌ရွေ့ရှားနေသော ဂြိုဟ်ငယ်
တစ်လုံးသာဖြစ်၏ဟုဆိုထားသည်။
     ထို့ကြောင့် အထက်ပါ မြေထုပမာဏသည် သိပ္ပံတွေ့ရှိချက်နှင့်မကိုက်ညီသည်ကိုတွေ့ရပါမည်။
ယခုခေတ်လူတို့သည် ၁-ယူဇနာလျှင် ၈-မိုင်မှ ၁၃-မိုင်အထိရှိသည်ဟုယူဆကြရာ ကမ္ဘာမြေကြီး၏
ထုထည်သည် ၂၄၀၀၀၀x၈ ကျော်ရှိနေသဖြင့် သိပ္ပံအဆိုထက်လွန်စွာ ပိုမိုနေပါသည်။
    အထက်တွင်ဖော်ပြထားသော ဘုံအကွာအဝေးတို့သည် သီဟိုဠ်သာသနာကာလ၌ အနုရုဒ္ဓါမထေရ်
ရေးသားသည့်“အဘိဓမ္မတ္ထသင်္ဂဟကျမ်း”တွင်ဖော်ပြထားချက်မျှဖြစ်သာဖြစ်ရာ မြတ်စွာဘုရားရှင် ဟော
ကြားခဲ့သည်ဟု မှတ်ယူရန်မသင့်ချေ။သို့သော်လည်း ၃၁-ဘုံရှိသည့်အကြောင်းကိုကား အကြောင်း
အကျိုးဆက်နွယ်မှုနှင့်တကွ ဗုဒ္ဓမြတ်စွာဟောကြားခဲ့ခြင်းဖြစ်၍ ငရဲဘုံ၊နတ်ဘုံ၊ဗြဟ္မာ့ဘုံတို့သည် အလွန်
ဝေးကွာသောအရပ်၌တည်ရှိသည်ကို ယုံကြာ်ထိုက်ပါသည်။
        ကျွန်ုပ်ယူဆမိသည်မှာ ဤကမ္ဘာမြေပြင်ကြီးတစ်ခုလုံးသည် မြင်းမိုရ်တောင်၏တောင်ဘက်အရပ်
တောင်ကျွန်း၌သာလျှင်ကျရောက်လိမ့်မည်ဟု ယူဆမိပါ၏။ဇဗ္ဗူဒီပါ လက်ျာတောင်ကျွန်းသည်လည်း
လည်းကောင်း၊ကျွန်းဦးသပြေပင်သည်လည်းကောင်းအမှန်ပင်ရှိရာ၏။ကမ္ဘာသူကမ္ဘာသားအားလုံးသည်
တောင်ကျွန်းသားများသာလျှင်ဖြစ်ပြီး ကျန်သည့် ရှေ့၊အနောက်၊မြောက်ကျွန်းသုံးခုသို့မရောက်နိုင်သေး
 ပဲ သိပ္ပံပညာဆိာင်ရာနှင့်တိုင်းတာ၍မရနိုင်သေးဟုဆိုရချေမည်။အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာမြေ
အပြင်၌ရှိသောကမ္ဘာသူကမ္ဘာသားအားလုံးသည် သက်တမ်းမမြဲတာခြင်းရော အသက်တို/ရှည်ကြတာ
ခြင်းပါ တူညီနေကြပါ၏။
       သို့ဖြစ်ပါ၍မြင်းမိုရ်တောင်သည် ဤကမ္ဘာမြေအပြင်၏ မြောက်အရပ်တွင်အမှန်တကယ်ရှိရာ၏။
အမှန်တကယ် မြင့်မိုရ်တောင်သည် အဆမတန်ကြီးမားပြီး နူးညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမန်လူတွေ လုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှသည်မှာ သဘာဝကျပါသည်။ထို့ကြောင့်
ကျွန်ုပ်အပါအဝင်အသင်တို့လည်း မြင်းမိုရ်တောင်ကို မြင်တွေ့လိုပါလျှင် ဈာန်အဘိဥာဏ်တန်ခိုးရအောင်
ကြိုးစားကြည့်ရှုပါမှမြင်တွေ့ရပါလိမ့်မည်။